တက်ကုန်ဖွင့်ကာ ရွက်စုံလွှင့်လို့ SIM 5 စီမံကိန်းကြီး စတင်ပါပြီ။
 
နာဂစ်မုန်တိုင်းလွန်ကာလ လှုမှုဘဝသက်ရောက်မှုများ လေ့လာဆန်းစစ်မှု အပိုင်း (၅) အား ကမ္ဘာ့ဘဏ်၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများဖြင့် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) မှ ဆောင်ရွက်မည်ဖြစ်သည်။ EMReF မှ သုတေသီများသည် “နာဂစ်မုန်တိုင်းလွန်ကာလ လူမှုဘဝသက်ရောက်မှုများ လေ့လာဆန်းစစ်မှု (Post-Nargis Social Impacts Monitoring – SIM)” အစီရင်ခံစာများကို နာဂစ်မုန်တိုင်းအပြီးတွင် အရေးပေါ်ကာလ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဖွဲ့စည်းခဲ့ သော အာဆီယံအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ကြီး၏ ကမကထပြုမှုဖြင့် လေ့လာဆန်းစစ်ပြုစုတင်ပြနိုင်ခဲ့ပါသည်။ ယင်းအစီအရင်ခံစာများကို နာဂစ်မုန်တိုင်းအပြီး ၆ လအကြာ (နိုဝင်ဘာ ၂၀၀၈ ၊ SIM 1) ၊ ၁ နှစ် အကြာ (မေ - ဇွန် ၂၀၀၉ ၊ SIM 2) ၊ ၂ နှစ်အကြာ (မတ် - ဧပြီ ၂၀၁၀ ၊ SIM 3) အချိန်များတွင် လေ့လာပြုစု ဆောင်ရွကနိုင်ခဲ့ပါသည်။ ထို့နောက် နာဂစ်မုန်တိုင်းအပြီး ၅ နှစ်အကြာ (ဧပြီ - မေ ၂၀၁၃ ၊ SIM 4) တွင် လေ့လာမှုအပိုင်း (၄) အား ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခု နာဂစ်မုန်တိုင်းအပြီး ၉ နှစ်ခွဲကျော်အကြာတွင် လေ့လာဆန်းစစ်မှု အပိုင်း (၅) အား ၂၀၁၇ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
 
လေ့လာဆန်းစစ်မှု အပိုင်း ၁ မှ ၄ အထိကို ပုံစံတူ သုတေသနနည်းနာများကို အသုံးပြုခဲ့ပါသည်။ အရည်အသွေးစံထားအနုစိပ်မေးမြန်းမှု ပုံစံ၊ အုပ်စုခွဲဆွေးနွေးခြင်းများနှင့် တစ်ဦးချင်းမေးမြန်းမှုပုံစံများကို အခြေခံအသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာဂစ်မုန်တိုင်း ဒဏ်သင့် ရွာပေါင်း (၄၀) တွင် သုတေသလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။
 
ယခု လေ့လာဆန်းစစ်မှု အပိုင်း(၅)တွင်လည်း ဖော်ပြပါသုတေသနနည်းနားများကို အသုံးပြု၍ လူမှုဘဝအခြေအနေများ၊ လူမှုဆက်ဆံရေးအခြေအနေများနှင့် ရပ်ရွာတွင်း ခေါင်းဆောင်မှုဆိုင်ရာအခြေအနေများအား လေ့လာမည်ဖြစ်ပါသည်။ ရပ်ရွာအုပ်စုများအတွင်းနှင့် အိမ်ထောင်စုများအတွင်း သဘာဝဘေးနှင့် ရင်ဆိုင်ရသည့်အခါ ပြန်လည်ထူထောင်နိုင်မှုနှင့် တန်ပြန်ကာကွယ်နိုင်မှုများတွင် မည်သည့် အကြောင်းအချက်များက အထောက်အကူဖြစ်စေပြီး၊ မည်သည်တို့က နှောင့်နှေးကြန့်ကြာထိခိုက်သွားစေသည် စသည့်အကြောင်း အချက်များအား ယခု လေ့လာဆန်းစစ်မှု အပိုင်း (၅) တွင် အလေးထား လေ့လာသွားမည်ဖြစ်ပါသည်။
 
ပြီးခဲ့သည့် ဇွန်လအလယ်က ယခု လေ့လာဆန်းစစ်မှု အပိုင်း (၅) ၏ သုတေသနဒီဇိုင်း ရေးဆွဲရာတွင် အထောက်အကူဖြစ်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွာ ၃ ရွာတွင် သွားရောက်လေ့လာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ သုတေသီ ၁၆ ဦးက အဖွဲ့ ၄ ဖွဲ့ခွဲက လေ့လာဆန်းစစ်မှုဆိုင်ရာ လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကုန်ဖွင့်၊ ရွက်စုံလွှင့်ကာ လုပ်ဆောင်နေကြပြီ ဖြစ်ပါသည်။