သုတေသနသင်တန်းများ

EMReF သည် လွတ်လပ်သော သုတေသနယဉ်ကျေးမှုတစ်ရပ် မြန်မာနိုင်ငံတွင်ပြန်လည်ပေါ်ထွန်းလာစေရန် နှင့် EMReF ၏ သုတေသနအရည်အသွေး ပိုမိုအားကောင်းလာစေရန် ရည်မှန်းထားသည့်အားလျော်စွာ သုတေသနနည်းလမ်းသင်တန်းများကို အဖွဲ့အစည်းအတွင်း နှင့် အဖွဲ့အစည်းပြင်ပ နှစ်ရပ်လုံးတွင် ပြုလုပ်လျက်ရှိသည်။ EMReF နှင့် ပြည်ပပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများ၊ ပုဂလိကကဏ္ဍများ ပူးပေါင်း၍ သုတေသနအရည်အသွေးမြှင့်တင်ရေးသင်တန်းများပြုလုပ်ရာတွင် ဖော်ပြပါသုတေသနသင်တန်းများ ပါဝင်သည်။

 

 

အခြေခံသုတေသနနည်းစနစ်များ(Basic Research Methodologies)

 

EMReF သည် မိမိတို့အဖွဲ့အစည်းအတွက် ထပ်မံခန့်အပ်သော သုတေသီဝန်ထမ်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့က သုတေသနပညာရပ်ဆိုင်ရာ ဗဟုသုတနှင့် သုတေသနစွမ်းရည်များ ရရှိလိုသည့်အခါ Basis Research Methodology သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် Research Methods Trainings များမှရရှိသည့် သုတေသနပညာရပ်များကို ၎င်းတို့၏ စီမံကိန်းဖွံ့ဖြိုးရေးများ ရေးဆွဲဆောင်ရွက်ခြင်း ၊ ယင်းစီမံကိန်းများအား   ပြန်လည်ဆန်းစစ်လေ့လာ သုံးသပ်ခြင်း၊ ရလဒ်နှင့်အကျိုးသက်ရောက်မှုများကို သုတေသနစစ်တမ်းများ ပြုလုပ်ခြင်း နှင့် ပြင်ပအလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် သုတေသနပြုလုပ်ခြင်းတို့တွင် ပြန်လည်အသုံးပြုကြသည်။

 

 

 

 

ပေါင်းစပ်နည်းလမ်းများ (Mixed Methods)

 

Mixed Methods သည် EMReF ၏ သုတေသနများတွင် အများအားဖြင့် အသုံးပြုသော သုတေသနနည်းလမ်းတစ်ရပ်ဖြစ်သည်။ EMReF မှ သုတေသီများသည်  နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်သည့် NUS နှင့် လူမှုရေးသိပ္ပံဘာသာရပ် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် အပြင် ကမ္ဘာ့ဘဏ်မှ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဦးဆောင်ပုဂိုလ်ဖြစ်သော Dr.Michael Woolcock  ကဲ့သို့ ပညာရှင်ထံမှ Mixed Methods ကို မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် လေ့လာသင်ယူ ခွင့်ရရှိခဲ့ကြသည်။ လက်ရှိအချိန်တွင် EMReF သည် အဖွဲ့အစည်းအတွင်း၌ Mixed Method training များပေးလျက်ရှိသကဲ့သို့ ပြင်ပမှ အကြီးတန်းလူမှုသုတေသီများနှင့် ပြည်တွင်းသုတေသနအင်စတီကျု အား ဝေမျှပေးနိုင်ရန် စီစဉ်ထားသည်။

 

 

တိုင်းရင်းသားလူမျိုးစုရေးရာ(Ethnography)

 

 EMReF သည် ၂၀၁၅ ခုနှစ်မှစတင်၍ ၄င်း၏ စီမံချက်ဆိုင်ရာသုတေသနများအပြင် Ethnography သုတေသနနည်းလမ်းကို သင်ကြားအသုံးချသော “Everyday Justice and Security in the Transition of Myanmar” ဟူသော သုတေသနတစ်ရပ်ဆောင်ရွက်နေသည်။ ယင်းသုတေသနအစီအစဉ်၏ ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံ၏ ပညာရပ်သင်ကြားမှုအ၀န်းအ၀ိုင်း နှင့်  မူဝါဒရေးရာသုတေသနအင်စတီကျုများတွင် သုတေသန စွမ်းရည်များမြှင့်တင်နိုင်ရန်ဖြစ်ပြီး အဆိုပါသုတေသနအစီအစဉ်အရ Danish Institute of International Studies (DIIS) မှ Ethnography သုတေသနနည်းလမ်းသင်တန်းများကို ရန်ကုန်တက္ကသိုလ်၏ မနုဿဗေဒဌာနနှင့် EMReF တို့ရရှိခဲ့သည်။ ထို့အပြင် EMReF မှ သုတေသီများသည် ကမ္ဘာ့ဘဏ်၏ နည်းပညာကူညီထောက်ပံ့မှုဖြင့်  Ethnography intensive trainings များကိုလည်း ရရှိခဲ့ကြသည်။ အဆိုပါသင်တန်းနှစ်ခုရရှိခြင်းနှင့်အတူ Ethnographic နည်းလမ်းဖြင့်ပြုလုပ်သော သုတေသနများကို နောက်ဆက်တွဲအစီအစဉ်များအနေဖြင့် လေ့လာခဲ့ကြသည့်အတွက် EMReF မှ သုတေသီများအား Ethnography ဆိုင်ရာ သုတေသနစွမ်းရည်များ ထိရောက်စွာရရှိစေခဲ့ပါသည်။

 

 

SPSS, STATA နှင့် Tableau တို့ကို အသုံးပြု၍ ပမာဏပြအချက်အလက်များ သရုပ်ခွဲဆန်းစစ်ခြင်း (Quantitative data analysis using SPSS, STATA and Tableau)

 

 EMReF သည် အရေအတွက်အခြေပြုသုတေသနနည်းလမ်းများ နှင့် data analysis ဆိုင်ရာ အရည်အသွေးများကို တစိုက်မတ်မတ်မြှင့်တင်လုပ်ဆောင်လျက်ရှိသည့်အလျောက်  EMReF ၏ သုတေသီများအား  ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်သုံးသပ်မှုဆိုင်ရာ သင်တန်းတစ်ခု ဖြစ်သော SPSS အသုံးပြုနည်းသင်တန်းကို ပထမဦးစွာ ပေးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင်လည်း EMReF သည် DIIS ၏ ကူညီပံ့ပိုးမှုဖြင့် “STATA ကို အသုံးပြု၍ ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်သုံးသပ်မှုဆိုင်ရာသင်တန်း”တစ်ခုကို ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းကို မန်ဆာချူးဆက် တက္ကသိုလ် (University of Massachusetts Lowell) ရှိ နိုင်ငံရေးသိပ္ပံဌာနမှ Assistant Professor တစ်ဦးဖြစ်သူ Dr. Jennifer Whitten-Woodring က ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင်  ပြောင်းလဲတိုးတက်လာသော နည်းပညာများအသုံးပြုထားသော သတင်းအချက်အလက်များ စိစစ် သုံးသပ်ခြင်း (data analysis) နှင့် ၄င်းသုံးသပ်ချက်များအား စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးတင်ပြခြင်း  (data visualization) တို့ကို လက်လှမ်းမှီရန် USAID, University of Washington, Microsoft နှင့် Tableau တို့မှ ပံ့ပိုးသော “Information Strategies for Societies in Transition”  စီမံကိန်းအရ EMReF အပါအဝင် အခြားသော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရဌာနများအား Tableau ဆော့ဖ်ဝဲအသုံးပြု၍ ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်သုံးသပ်ခြင်းနှင့် ပုံဖော်ဖန်တီးခြင်းဆိုင်ရာ သင်တန်း ပေးခဲ့ပါသည်။ EMReF သည် မြန်မာနိုင်ငံ၏ မူဝါဒရေးဆွဲခြင်းတွင်  သုတေသနကဏ္ဍကို အားပေးမြှင့်တင်လိုသည့်ရည်မှန်းချက်ထားရှိကာ အထူးသဖြင့်   အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်းသုတေသနအင်စတီကျုများအား ၄င်းတို့၏ စီမံကိန်းများ၊ စီမံချက်ဖွံ့ဖြိုးရေး နှင့် လွှတ်တော်နှင့်လွှတ်တော်ရေးရာအဖွဲ့များ၏ လုပ်ငန်းစဉ်များတွင်  သုတေသနကို အခြေခံအသုံးပြုလိုပါက “ကိန်းဂဏန်း အချက်အလက် ဆန်းစစ်သုံးသပ်မှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများ”ကို သင်တန်းပေးသည့်အစီအစဉ်များ ချမှတ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။