လူမှုဘ၀သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း

EMReF အဖွဲ့မှ သုတေသီများသည် ၂၀၀၈ ခုနှစ်တွင် လေ့လာခဲ့သော `နာဂစ်မုန်တိုင်းအလွန် လူမှုဆိုင်ရာ ထိခိုက်မှုများကို စောင့်ကြည့်လေ့လာခြင်း (SIM)` သုတေသနလုပ်ငန်းမှ အစပြုလျှက် လူမှုဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၊ FAO, Aus Aid စသည့် နိုင်ငံ တကာဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာနှင့် ရန်ပုံငွေထောက်ပံ့မှုများဖြင့် မြန်မာနိုင်ငံ အစိုးရ ၀န်ကြီးဌာနများက ဆောင်ရွက်နေသော စီမံကိန်းများအတွက် လူမှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ်ငန်းများစွာတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆန်းစစ်ခြင်းလုပ်ငန်းများအရ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်များ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုသည် လူမှုဆိုင်ရာ ဘေးကင်းလုံခြုံရေးမူဝါဒများ (social safeguard policies) နှင့် ကိုက်ညီမှုရှိမရှိကို သုံးသပ်ရပါသည်။ လူမှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင် ရွက်ခြင်းအားဖြင့် စီမံကိန်းတစ်ခုစီတွင် ဒေသခံပြည်သူများနှင့် တိုင်းရင်းသားများ ပူးပေါင်းပါဝင်ရေးဆိုင်ရာ မူဘောင်များနှင့် စီမံကိန်းအကောင်အထည်ဖော်သည့် လုပ်ငန်းအဆင့်ဆင့်တို့ကို တိုးတက်စေပါသည်။

  • ၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသည် သမိုင်းတစ်လျှေက် ဖျက်ဆီးမှုအပြင်းထန်ဆုံးသော `နာဂစ် မုန်တိုင်း` ဒဏ်ကို ခံခဲ့ရပါသည်။ နာဂစ်မုန်တိုင်းကြောင့် လူ (၁၄၀၀၀၀) ခန့် သေဆုံး/ ပျောက်ဆုံး ခဲ့ရသည်။ လူဦးရေ ၂.၄ သန်းခန့်မှာလည်း ဆိုးရွားစွာ ထိခိုက်ခံခဲ့ရပြီး၊ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခန့် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က Myanmar Egress တွင် အလုပ်လုပ်နေကြသော EMReF အဖွဲ့၏ သုတေသီများသည် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် နာဂစ်မုန်တိုင်းအလွန် လူမှုဆိုင်ရာ ထိခိုက်မှုများအား စောင့်ကြည့်လေ့လာခြင်း (SIM) သုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသုတေသနလုပ်ငန်းကို နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၆)လအကြာ၊ ၂၀၀၈ ခုနှစ်၊ နှစ်လည်ခန့်မှ ၂၀၁၃ ခုနှစ်အထိ (၅)နှစ်ကာလအတွင်း(၄)ကြိမ်ဖြန့်ကျက်ဆောင်ရွက်ခဲ့သည်။
  • မြန်မာနိုင်ငံရှိ ကျောင်းများသို့ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော ရန်ပုံငွေများထောက်ပံ့ခြင်းအတွက် လူမှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ်ငန်းများ (Social Assessments on “Myanmar Decentralization Funds to Schools”) ကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော်နေသည့် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းရန်ပုံငွေထောက်ပံ့ခြင်းအစီအစဉ်များကို လူမှုဆိုင်ရာ ရှုထောင့်များမှ လေ့လာဆန်းစစ်ထားပြီး၊ တွေ့ရှိချက်များကို ပညာရေးဝန်ကြီးဌာနသို့ အစီရင်ခံရပါသည်။ လက်ရှိ စီမံကိန်းသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဆိုင်ရာဘေးကင်းလုံခြုံရေးမူဝါဒများနှင့် ကိုက်ညီမှုရှိမရှိကိုလည်း သုံးသပ်လေ့လာခဲ့ပါသည်။ 
  • စိုက်ပျိုးရေးဖွံ့ဖြိုးမှုလုပ်ငန်းများအားထောက်ပံ့ရေးစီမံကိန်းကို လူမှုဆိုင်ရာ ဆန်းစစ်ခြင်း (Social Assessment on the Agriculture Development Support Project) လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဆောင်ရွက်ခဲ့ပြီး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ အစီရင်ခံရပါသည်။ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် ရေသွင်းမြောင်းများ ပြန်လည်ပြုပြင်ရေးနှင့် စိုက်ပျိုးရေးပညာပေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးစီမံကိန်းကို လူမှု ဆိုင်ရာ ရှုထောင့်များမှ လေ့လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပြုစီမံကိန်းသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဆိုင်ရာဘေးကင်းလုံခြုံရေး မူဝါဒများနှင့် ကိုက်ညီမှုရှိမရှိကို သုံးသပ်လေ့လာခဲ့ခြင်းဖြစ်သည်။ 

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း (Poverty and Social Impacts Analysis -PSIA) လုပ်ငန်းသည် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေးစီမံချက် (Myanmar National Electrification Plan) အတွက် အချက်အလက်များထောက်ပံ့ရန် ရည်ရွယ်ထားပြီး၊ ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေနှင့် နည်းပညာအထောက်အပံ့ဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဆောင်ရွက်ခဲ့သည်။ ဤလေ့လာမှုတွင် (၁) ဥပဒေ၊ နိုင်ငံရေးနှင့် စီးပွါးရေးကို သရုပ်ခွဲဆန်းစစ်ခြင်း (၂) လူမှုဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း (၃) ကျေးလက်နှင့် မြို့ပြဒေသနှစ်ခုလုံးတွင် အိမ်ထောင်စုအဆင့် စွမ်းအင်သုံးစွဲမှု ဆန်းစစ် ခြင်း ဟူ၍ နည်းပညာအပိုင်း (၃)ပိုင်းပါဝင်သည်။