MyJustice မှ ကြီးမှူးပြုလုပ်သော မြန်မာနိုင်ငံ လူထုအခြေပြု အငြင်းပွားမှုဖြေရှင်းခြင်းဖိုရမ် (Community-Based Dispute Resolution in Myanmar Forum – CBDR) ကို ရန်ကုန်မြို့၊ PARKROYAL Hotel တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နှင့် (၇) ရက်နေ့များတွင် ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် EMReF ၏ အမှုဆောင်အရာရှိချုပ်၊ ဒေါ်မြတ်သက်သစ္စာမှ မြန်မာ နိုင်ငံတွင် လူထုအခြေပြုအငြင်းပွားမှုဖြေရှင်းမှုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၏ အရေးကြီးပုံအကြောင်းကို Keynote Address ပြောကြားခဲ့သည်။

Kynote address ၏ အဓိကအချက်များမှာ -

  • အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပြည်သူများအတွက် အကျိုးရှိထိရောက်ပြီး ဒေသနှင့် လိုက်လျောညီထွေမှုရှိသောဝန်ဆောင်မှုများကို မည်ကဲ့သို့ ဆောင်ရွက်နေကြောင်း ပကတိမြေပြင်အခြေအနေအား လေ့လာသိရှိရန်လိုအပ်ခြင်း။
  • လက်ရှိအရှိတရားကို နားလည်လက်ခံအသိအမှတ်ပြုနိုင်ရန် အလှမ်းဝေးနေသော မြန်မာ့ဥပဒေနှင့် တရားစီရင်ရေးကဏ္ဍ၏ ဆောင်ရွက်နေပုံနမူနာပုံစံများ။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် အစိုးရမဟုတ်သောပုဂ္ဂိုလ်များမှ ပြည်သူများ အတွက် အကျိုးရှိထိရောက်ပြီး ဒေသနှင့် လိုက်လျောညီထွေမှုရှိသော ကောင်းမွန်သည့်ဝန်ဆောင်မှုများကို အစိုးရမှ အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်း။
  • မျှတမှုရှိစွာနှင့် အားလုံးပါဝင်စေသော ရပ်ရွာအခြေပြုတရားဥပဒေဆိုင်ရာဝန်ဆောင်မှုများကို အစိုးရက အစဉ်မပြတ်စောင့်ကြည့်နေမှုသည် အရေးပါခြင်း။
  • ပြည်တွင်း၊ ပြည်ပအသိုင်းအဝိုင်းများအနေဖြင့်လည်း တိုင်ကြားခြင်းမရှိသော အမှုကိစ္စများအပေါ်တွင် အာရုံစိုက်အလေးပေး ဆောင်ရွက်စေလိုခြင်း။
  • မတရားမှုကိစ္စများကို တိုင်ကြားခြင်းမပြုသည့် မြန်မာပြည်သူများ၏ အလေ့အထများသည် လူမှု သဟဇာတနှင့် ပတ်ဝန်းကျင်ငြိမ်းချမ်းမှုပျက်စီးမည်ကိုစိုးရွံခြင်းနှင့် လူမှုသဟဇာတပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းမှုပျက်ရွင်းခြင်းကို စိုးရွံ့ခြင်းများသည် ဖွင့်ဟပြောဆိုခြင်း၊ တိုင်တန်းခြင်းမရှိသည့် အမှုကိစ္စများနှင့် ဆက်စပ်နေခြင်း။
  • အထက်အဆိုပါ ကြောက်ရွံ့မှုကို ကုစားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါကြောက်ရွံ့မှုသည် မြန်မာပြည်သူများ ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုပုံစံများဖြစ်သော - သက်ဦးဆံပိုင်အာဏာရှင်စနစ်၊ ကိုလိုနီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နှင့် လူပုဂ္ဂိုလ်ဆိုင်ရာ အာဏာရှင်စနစ် စသည့် အာဏာရှင်စနစ်အမျိုးမျိုးသည် အဓိကအကြောင်းအရင်းခံများဖြစ်သည်။