
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ နာဂစ် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် ပြည်သူလူထုပညာပေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ မေလ (၂) ရက်နေ့က ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တို့တက်ရောက် အမှာစကားပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် EMReF အနေဖြင့် ပြခန်းတစ်ခုပြသခဲ့ပါသည်။ ထို့ပြင် EMReF ၏ အမှုဆောင်အရာရှိချုပ် ဒေါ်မြတ်သက်သစ္စာသည် "ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ခဲ့ပြီး သုတေသနမန်နေဂျာ ဒေါ်မင်းမင်းဟန်သည် ကမ္ဘာ့ဘဏ်၏ ကူညီမှုဖြင့် EMReF မှ သုတေသနပြုခဲ့သော နာဂစ်အလွန် ဆယ်နှစ်ကျော်ကာလ လူမှုဘဝအကျိုးဆက်များ ဆန်းစစ်မှုများလေ့လာခြင်း (အပိုင်း ၅) မှ တွေ့ရှိချက်များအကြောင်းကို တင်ပြခဲ့ပါသည်။
